For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 28 June 2014

၂၀၁၀ ရွေးကောက်ပွဲသမိုင်းအမှားကို ထုဆစ်နေကြသူများ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

`ဤဆောင်းပါးကိုဂျာနယ်တွင် အသုံးပြုလို့ပါက
၀၉ ၄၅၀၀ ၅၇၀၈၈ သို့ ဆက်သွယ်နိုင်ပါသည်။
မိုးကုတ်ကိုတိုး
၂၀၁၀ ရွေးကောက်ပွဲသမိုင်းအမှားကို ထုဆစ်နေကြသူများ
         ဒီနေ့ မီဒီယာမှာ HOT ဖြစ်နေတာက NDF ၊ ဒေါ်ခင်ဝိုင်းကြည်နဲ့ ပီအာအကြောင်း။
         ရေးလိုက်ကြတာမှ ပက်ပက်စက်စက် ၊ ရက်ရက်စက်စက်
         ပေးလိုက်တဲ့အမည်နာမတွေကလည်း ပေါင်းစုံ၊
         တင်လိုက်တဲ့စွဲချက်တွေကလည်း သမိုင်းတလျှောက် နာမည်ပျက်ခဲ့တဲ့သူတွေတောင်မှ ကိုယ့်လောက် မဆိုး။ ကိုယ်ကသာ နာမည်ဆိုးနဲ့လူ ဖြစ်နေတယ်။
         ခေတ်သစ်ဒေ၀ဒတ်များ၊
         လူထုဆန္ဒမခံယူရဲသော အချောင်သမား
         တိုင်းပြည်ကို ချောက်ကမ်းပါးတဲ့ ဆွဲချသူများ
         သမိုင်းတရားခံများ စတဲ့..စတဲ့ ..စတဲ့ အမည်နာမများ။

ဒီနေ့ထုတ် NEWS WATCH ဂျာနယ်က ဆောင်းပါးရှင် သရ၀ဏ်(ပြည်)ရဲ့ မြို့နှစ်မြိုနဲ့ ခမောက်မျက်နှာဆောင်ပါး မှာ ၂၀၁၀တုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးရေးထားတာက-
         ၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရာ ထိုစဉ်က NLDပါတီသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ စစ်အစိုးရလွှတ်မပေးသည်ကို အကြောင်းပြု၍ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ NLDပါတီအတွင်း  ရွေးကောက်ပွဲဝင်လိုသူများနှင့် ရွေးကောက်ပွဲသပိတ်မှောက်လိုသူဟူ၍ နှစ်ဖွဲ့ကွဲသွားပြီး  ရွေးကောက်ပွဲဝင်လိုသူများမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDF အဖြစ် ပါတီခွဲထောင်ကြခြင်းဖြစ်သည် လို့ ရေးထားပါတယ်။
         ဒီဂျာနယ်ထဲမှာပဲ ခေတ်ဟောင်းနိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွေကိုရေးနေတဲ့ ကိုသန်း(ကြည့်မြင့်တိုင်)က ပီအာနဲ့ပတ်သက်ပြီးရေးထားတာကလည်း မှတ်သားချင်စရာ။
         ယင်းအချိုးကျကိုယ်စားပြုစနစ်ဆိုသော ပီအာစနစ်ဖြင့်  ရွေးကောက်ပွဲတွင် မဲအများစုနှင့် အနိုင်ရရှိမည့် ပါတီကို  အနှောင့်အယှက် အဟန့်အတားပြုရန် လမ်းထွင်ပေးသည့်စနစ်ဖြစ်၍ ယင်းစနစ်ကို အသုံးပြုသည့် နိုင်ငံ  မရှိသလောက် နည်းလှသည် လို့ ဆိုလိုက်ပါသေးတယ်။

         ၂၀၁၀ မတ်လက စခဲ့တဲ့ဖြစ်ရပ်တွေနဲပတ်သက်ပြီးပြောရရင်တော့  NLDပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာက အရင်လား။ ဒါမှမဟုတ် ပါတီကို ထပ်မံမှတ်ပုံမတင်ဖို့ဆုံးဖြတ်ပြီး ပါတီကို အဖျက်ခံလိုက်ကြ တာက အရင်လားဆိုတာပါပဲ။ ကျွန်တော်ပြောချင်တာက ဒီအကြောင်းတွေကိုပါ။
         ၂၀၁၀ခု၊        မတ်လ ပထမပတ်မှာ အဲ့ဒီအချိန်က စစ်အစိုးရက  ၂၀၁၀မှာကျင်းပမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး ပါတီဥပဒေမှာ ပါလာတာက ထောင်ကျနေတဲ့ နိုင်ငံရေးပါတီဝင်တွေကို ထုတ်ပစ်ရမယ်ဆိုတာရယ်၊ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်  အရင်မှတ်ပုံတင်ထားတဲ့ပါတီ(၁၀)ပါတီ ထပ်ပြီးမှတ်ပုံတင်ရမယ်ဆိုတာရယ် ပါလာတယ်။ အားလုံး မြင်နေကြတာက   ဒီပြဋ္ဌာန်းချက်တွေအရ ပါတီမှတ်ပုံပြန်တင်မယ်ဆိုရင် တရားဝင်ပြစ်ဒဏ်ကျခံနေရတဲ့ နေအိမ် အကျယ်ချုပ်ဖြစ်နေတဲ့ ဒေါ်စုကို ပါတီကနေ ထုတ်ထားရမယ်ဆိုတာရယ်၊။ သူကိုမထုတ်ရင် ပါတီက မှတ်ပုံတင်လို့ မရသလို လာမယ့်ရွေးကောက်ပွဲကိုလည်း ၀င်ပြိုင်လို့ရတော့မှာ မဟုတ်ဘူး။
         ဒီကိစ္စကို NDF CEC အစည်းအဝေးမှာ စစဉ်းစားတော့ ဥက္ကဌ ဦးအောင်ရွှေက မှတ်ပုံတင်သင့်တယ်လို့  စပြောတဲ့အခါ ဦးဝင်းတင်က ခင်ဗျားတို့က စစ်ဖိနပ်ပြေးနမ်းဖို့လုပ်နေတာ၊ အမဲရိုးပစ်ချပေးတာကို ၀င်ဟပ်တာ၊ ခွေးတိုးပေါက်ကနေ ၀င်ချင်တာ စသဖြင့် ပြောဆိုကန့်ကွက်တော့တာပါပဲ။ ဦးဥာဏ်ဝင်းကလည်း ဒေါ်စုခြံထဲက နေ ပါးလိုက်တဲ့အမှာစကားကို ထပြောတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ကြပါ။ ဘာဆုံးဖြတ်ဖြတ် ကျမ လက်ခံမယ်။ ၀င်လည်း ညီညီညွတ် ညွတ်၊ မ၀င်လည်း ညီညီညွတ်ညွတ်ဖြစ်စေချင်ပါတယ်ဆိုလား။ ဒီအခါ ဒေါက်တာသန်းငြိမ်းက လက်ရှိအနေ အထားအရ သဘောထားတွေတူညီဖို့ မဖြစ်နိုင်တော့။ အခုတောင် လူတွေက ကွဲနေပြီ။ ဆုံးဖြတ်ချက်ကလည်း မချ မဖြစ်ချရမှာမို့  ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင်သာမက ဗဟိုဦးစီးကော်မတီတွေကိုပါခေါ်ပြီးဆုံးဖြတ် သင့်တယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဗဟိုဦးစီးကော်မတီအစည်း အဝေးကို ခေါ်ပြီးဆုံးဖြတ်မယ် ဖြစ်လာပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးခေါ်ဖို့ လုပ်ထားပါတယ်။
         ဒေါက်တာသန်းငြိမ်းတို့ နောက်ပိုင်းပြောစကားအရ အမှန်က ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ တစ်ခါတည်း မဲခွဲ ပြီးဆုံးဖြတ်ရမှာ ။ ဥက္ကဌက သူပဲ အဆိုစတင်ပြီး နောက်တွန့်သွားတော့ မဲခွဲတဲ့အဆင့် မရောက်တော့ဘူး။ မဲခွဲရင် လည်း  မှတ်ပုံတင်မယ့်အဖွဲ့က ၁၀မဲနဲ့ မတင်တဲ့အဖွဲ့က ၅ မဲပဲ ရှိမှာလို့ ဆိုပါတယ်။
         ဒီလိုနဲ့  ပါတီထပ်မံမှတ်ပုံတင်သင့် မတင်သင့်ကိစ္စကိုပဲ နိုင်ငံနဲ့အ၀ှမ်း  ဆွေးနွေးနေခဲ့တာက ၁၈-၃-၂၀၁၀ မှာလုပ်တဲ့ ဗွီအိုအေအင်တာဗျူးမှာ ဦးဝင်းတင်ပြောကြားတဲ့စကားက အဲ့ဒီအချိန်ရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့တယ်။ သူဘာပြောလဲဆိုတော့ ….
“အများစု မှတ်ပုံတင်ရေးအတွက် ထောက်ခံမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ကျနော် နားတော့မယ်။ ကျနော့် ကျန်းမာရေး လည်း သိပ်ကောင်းတော့တာ မဟုတ်ဘူး” ဟု  NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းတင်က ပြောကြားသည်။   ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ပါက သူ့အနေဖြင့် ပါတီမှ အနားယူဖွယ် ရှိကြောင်း ဦးဝင်းတင်က ပြောသည်။ သီးခြား ပါတီ ထောင်ခြင်း၊ တခြားသော နိုင်ငံရေး အဖွဲ့များနှင့် ပူးပေါင်းခြင်း တို့ကို ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးနှင့် ပတ်သက်၍  ဝေဖန်သွားမည်ဟု ဆိုသည်။   

         ဦးဝင်းတင်တောင် ဒီလို စဉ်းစားနေရတဲ့အနေအထားက နောက်တော့ ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ မတ်လ ၂၂ ရက်နေ့ကလုပ်တဲ့ CEC ဆုံးဖြတ်ချက်က ပါတီတွင်းကိစ္စတွေကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ဦးအောင်ရွှေ နဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဘာတွေဆုံးဖြတ်ဆုံးဖြတ် ပါတီအနေနဲ့ လက်ခံမယ်ဆိုတာ ကို ဆုံးဖြတ်ချက် အဖြစ် ချမှတ်ခဲ့တယ်။ နောက်တစ်နေ့မနက်ပိုင်းမှာ ရှေ့နေဦးဥာဏ်ဝင်းတစ်ယောက်   ဒေါ်စုခြံဝင်းထဲကို ၀င်ခွင့် ရသွားတယ်။ ဘာကြောင့် အာဏာပိုင်တွေက ၀င်ခွင့်ပေးသလဲဆိုတာကိုတော့ တွေးကြည့်ရုံပဲ။ စီအီးစီအစည်းအ ဝေးမှာလည်း မနက်ဖြန်ဒေါ်စုနဲ့တွေ့ဖို့ရှိတယ်ဆိုတာကိုလည်း ပြောမသွား။ ၀င်သွားပြီး ပြန်ထွက်လာတော့ ပြည်ပအသံလွှင့်ဌာနတွေကနေ  ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်မှာကို သူမအနေနဲ့လက်မခံနိုင်ဘူးလို့ ပြောတဲ့အကြောင်း အင်တာဗျူးလုပ်ခဲ့တယ်။
         ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်တစ်နေ့ စီအီးစီ အစည်းအဝေးမှာ စီအီးစီအစည်းအဝေးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဘာကြောင့်မပြောရတာလဲဆိုတာကို မေးကြတော့ ဦးဥာဏ်ဝင်းဖြေပုံက ရှင်းတယ်။ သူ ၀င်သွား ကတည်းက ဒေါ်စုကချည်းပဲပြောတာ။ သူဘာမှပြန်ပြောခွင့်မရလိုက်ဘူးဆိုပဲ။ မနက် ၁၀နာရီလောက်က ၀င်သွားပြီး ညနေ ၄း၀၀ နာရီလောက်မှ ပြန်ထွက်လာတဲ့သူက နားထောင်ပြီး ပြန်လာခဲ့တယ်ဆိုတဲ့ အဖြေကိုကြား တော့ ဦးခင်မောင်ဆွေက ခင်ဗျားလူလိမ်ပဲဆိုပြီး ဆွဲထိုးမယ်လုပ်လို့ အားလုံးဝိုင်းဆွဲကြပြီး ဆွေးနွေးတဲ့ အကြောင်းအရာကလည်း ဦးဥာဏ်ဝင်းကိစ္စကနေ ဦးခင်မောင်ဆွေတို့အလွန်ကိစ္စဖြစ်သွားပြီး အစည်းအဝေးကရပ် သွားတယ်။ သိရတာကတော့ ဥက္ကဌ ဦးအောင်ရွှေတို့ကိုလည်း ပြောမပြဘဲ ဦးတင်ဦး၊ ဦးဝင်းတင်တို့အုပ်စုနဲ့ တိုင်ပင်ပြီးလုပ်သွားပုံရတယ်။ ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာရဲ့ အဖြေကတော့ သူတို့ဆီမှာနဲ့ ဒေါ်အောင်ဆန်း စုကြည် ဆီမှာ။   
         ဗဟိုဦးစီးကော်မတီအစည်းအဝေးကို စလုပ်မယ့်အစီအစဉ်က ဒီလို။ ဗဟိုဦးစီး ၁၀၀ကျော်မို့ တစ်ယောက် ကို  ၁၀မိနစ်ဆီပြောခိုင်းရင် သုံးရက်ကြာမယ်။ အစည်းအဝေးကိုသုံးရက်လုပ်ဖို့ စရိတ်ထုတ်ပြီး ပြင်ဆင်ထားဖို့ လုပ် ထားတယ်။  ဖြစ်လာတဲ့အစည်းအဝေးက ပြောင်းပြန်။ တစ်တိုင်းကို နှစ်ယောက်ပဲပြောရမယ်ဖြစ်သွားရော။ စီစဉ်တဲ့ ဗဟိုအလုပ်အမှုဆောင်တွေတောင် အစီအစဉ်ပြောင်းသွားတာ မသိလိုက်ရတဲ့အပြင် အစည်းအဝေးမှာ ပြောခွင့်တောင် မရလိုက်ဘူး။ နောက်မှ မကြားတကြားပြောသံကြားလို့ နောက်တိုးအစီအစဉ်အဖြစ် အားလုံးပြောပြီးမှ စီအီးစီတွေ ပြောဖို့ထပ်ထည့် ပေးတယ်။   
         ဒီလိုဖြစ်အောင် ဘယ်သူတွေက ဦးဆောင်လုပ်ကြသလဲဆိုတော့ ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးဥာဏ်ဝင်းတို့ အုပ်စုက တိုင်းနဲ့ပြည်နယ်တွေက ရောက်လာကြတဲ့ ဗဟိုဦးစီးကော်မတီဝင်တွေကို ခေါ်တွေ့ကြပြီး ဒေါ်စုက ဒီလို မှာလိုက်တယ်ဆိုတာမျိုး ပြောတော့ ခေါင်းဆောင်ကြီးမှာတယ်ဆိုတော့ ဘယ်သူကငြင်းဆန်ရဲတော့မလဲ။ အားလုံး အတွေးတွေ ပြောင်းကုန်တာပေါ့။ ဒါကြောင့် အစည်းအဝေးမတိုင်မီ ၂၆-၃-၂၀၁၀ ရက်နေ့မှာ လုပ်တဲ့ မိုးမခက ဦးဝင်းတင်နဲ့အင်တာဗျူးမှာ ၁၈ ရက်နေ့ကလုပ်တဲ့ မှတ်ပုံတင်ဖို့များလို့ နိုင်ငံရေးကနေ နားတော့မယ်ဆိုတဲ့ စကားပြောခဲ့သူက   ဒီလိုပြောနိုင်တဲ့အဆင့် ဖြစ်သွားတယ်။
ပါတီတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို စံနမူနာယူပြီးတော့ အတူတကွ တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆုံးဖြတ်ချက်အနေနဲ့ကတော့ ပါတီကို မှတ်ပုံမတင်နိုင်ဘူး။ ထို့အတူ ပါတီရဲ့ ဆုံးဖြတ်ချက်ကိုတော့  လိုက်နာမယ်လို့ ပြောလိုက်ပါတယ်။ အခုအရေးကိစ္စကို အားလုံးက ဆွေးနွေးဆုံးဖြတ်ကြတဲ့နေရာမှာ လူနည်းစုကလည်း ကိုယ်လုပ်ချင်တာကို အတင်းဆုပ်ကိုင်ထားလို့ မရဘူး။ ဇွတ်လုပ်ကြဖို့ မလိုဘူး။ အများစုအနေနဲ့ကလည်း အားလုံးကို စည်းရုံးပြီးတော့ လက်တွဲပြီး ရပ်တည်ကြဖို့ လိုပါတယ်။ လူများစုပဲ ဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ် ခွဲကြ၊ ထွက်ကြ လုပ်ကြမယ် ဆိုရင် အခုဟာက ဟိုတုန်းက ခေတ်နဲ့ မတူတော့ဘူး။ သည်အတိုင်း ဘေးမှာ၊ အပြင်မှာ ရပ်တည်ခွင့်ရှိမှာ မဟုတ်ဘူး။ နည်းမျိုးစုံနဲ့ ဖယ်ရှား ရှင်းလင်းခြင်း ခံရမှာ ဖြစ်တယ်။ အားလုံးက ခုချိန်မှာ ပါတီနဲ့ တွဲလုပ်ကြပါလို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်စုကို စံပြုပြီးတော့ ပါတီနဲ့ တွဲလုပ်ကြပါလို့ …ဟု ဆိုပြီး ဖြေကြားပါတယ်။

ကျွန်တော်တို့လူကြီးတွေက ဒီလိုခြေပုန်းခုတ်နေမှန်းမသိတော့ ဗဟိုဦးစီးကော်မတီအစည်းအဝေးကို ပုံမှန်အတိုင်းလုပ်မယ်လို့ထင်နေကြတာ။ နောက်မှထပ်ကြားရတာကလည်း နားဝက မသက်သာ။ တကယ်လို့ ပါတီမှတ်ပုံတင်ဖို့ ဆွေးနွေးရင်၊ ဖြစ်လာရင် ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ကို ၀ိုင်းရိုက်ဖို့ လူငယ်တွေကို စုထားပြီးပြီဆိုလား။ ဒီသတင်းကို ကြားတဲ့။သိတဲ့သူတွေ ရှိနေပါတယ်။ မေးမြန်းလို့ ရပါသေးတယ်။

         အစည်းအဝေးကတော့ နဂို ဆုံးဖြတ်ထားတဲ့အတိုင်း မဟုတ်တော့ဘဲ အစီအစဉ်သစ်နဲ့ ကျင်းပတယ်။ ကျွန်တော်ရေးတဲ့NLDCECနှင့်ဗဟိုဦးစီးအဖွဲ့ဝင်များသို့မြို့နယ်အဆင့်စည်းရုံးရေးကော်မတီဝင်တစ်ဦး၏အိတ်ဖွင့်                                      ပေးစာထဲမှာ ဖော်ပြတဲ့အတိုင်း ဖော်ပြရရင်-…
မတ်လ(၂၉)ရက်နေ့ ရန်ကုန်ရွှေဂုံတိုင်လမ်းNLDဗဟိုရုံးချုပ်မှာကျင်းပပြုလုပ်ခဲ့တဲ့NLDCECနှင့်ဗဟိုဦးစီးအဖွဲ့ဝင်များ အစည်းအဝေးက ပါတီကို ထပ်မံမှတ်ပုံမတင်ရန် တညီတညွတ်တည်းထောက်ခံအတည် ပြုဆုံးဖြတ်ခဲ့ ကြသည်ဟု  ညပိုင်း သတင်းတွေမှာ ပါလာပါတယ်။ ဒီနေ့အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ ဥက္ကဌဦးအောင်ရွှေက ဒေါ်အောင်ဆန်း စုကြည်ဟာ ပါတီရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် သူမရဲ့ဆန္ဒကို အားလုံးက လိုက်နာကြဖို့လိုတဲ့အကြောင်းနဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မြှာ ကားချက် ၆ချက်ဆိုတာကို အစည်းအဝေးအစမှာ ဖတ်ကြားပြပါတယ်။.
၁။       ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး။ရွှေဂုံတိုင်ကြေညာစာတမ်းကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်တယ်
၂။       မတရားတဲ့ရွှေးကောက်ပွဲဥပဒေဖြစ်လို့ပါတိီကို မှတ်ပုံတင်ဖို့သူမအနေနဲ့လက်မခံနိုင်။
၃။       NLDဟာ သူမရဲ့ကိုယ်ပိုင်ပါတီမဟုတ်သလို မည်သူတစ်ဦးတစ်ယောက်ပိုင်မျှမဟုတ်။
၎။       ပါတီတွင်းအုပ်စုဖွဲ့တဲ့လုပ်ရပ်ကို လုံးဝမကြိုက်သကဲ့သို့လက်မခံနိုင်။
၅။       ပြည်သူလူထုကိုလည်း ဒီမိုကရေစီရရှီရန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း
၆။       ပါတီဖျက်သိမ်းခံရရုံနဲ့ ပါတီပျက်စီးသွားမှာ မဟုတ်ကြောင်း။                             
 ဒီလိုရှေ့ကနေ ပြောကြားပြီးမှ တိုင်းတစ်တိုင်းစီက ဗဟိုဦးစီး၂ဦးစီက ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားနဲ့အညီ ပါတီကိုမှတ်ပုံတင်ရန် မသင့်ကြောင်း ထောက်ခံဆွေးနွေးကြပြီး တညီတညွတ်တည်းသဘောထားနဲ့ဆုံးဖြတ်ချက်ချမှတ်ပြီး အစည်းအဝေးကို ညနေ ၅း၀၀ နာရီမှာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်လို့ ဆိုပါတယ်။
       NLDဗဟိုဦးစီးအဖွဲ့ဝင်တွေက လေးနာရီကြာမျှအစည်းအဝေးကျင်းပကြပြီးနောက် ပါတီရဲ့အနာဂတ်ကို တညီ တညွတ်တည်းဆုံးဖြတ်ချက် ချလိုက်ကြပါပြီ။ ဒီလိုဆုံးဖြတ်ချက်ချတဲ့အစည်းအဝေးကိုတက်ရောက်ခွင့်မရှိကြတဲ့ နယ်ကမြို့နယ်အဆင့်အဖွဲ့ဝင်များကိုယ်စား ကျုနော်ရဲ့ ကိုယ်ပိုင်အမြင်ကိုဆွေးနွေးချင်ပါတယ်။
          ၁=ပါတီရဲ့သေရေးရှင်ရေးကိစ္စ
        
နိုင်ငံနဲ့ပြည်သူတွေအတွက်အလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာတာဝန်ရှိကြတဲ့ဗဟိုဦးစီး၁၂၀ကရှေ့ကခေါင်းဆောင်ကြီးရဲ့မှာကြားချက်နဲ့အညီတစ်တိုင်းကို၂ဦးထောက်ခံဆွေးနွေးကြပြီးအားလုံးသဘောတူဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်ဆိုတဲ့လေးနာရီကြာအစည်းအဝေးကြီးကအများအမြင်မှာရယ်စရာကြီးဖြစ်နေပါပြီ။ကျနော်ထင်ထားတာက ဒီအစည်းအဝေးကြီးမှာဝင်သင့်တယ်ဆိုတဲ့အုပ်စုကဘာကြောင့်ဝင်သင့်တယ်ဆိုတာကို အကျိုးအကြောင်း၊အထောက်အထားတွေနဲ့ခိုင်ခိုင်လုံလုံတင်ပြကြမယ်။မ၀င်သင့်ဘူးဆိုတဲ့အုပ်စုကလည်းဘာကြောင့်မ၀င်သင့် ဘူး။မ၀င်ရင်ဖြစ်ပေါ်လာမယ့်ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ကြရမယ်။ဘယ်လိုရှေ့ဆက်လုပ်ဖို့အစီအစဉ်တွေရှိတယ်ဆိုတာတွေကိုအချက်အလက်တွေနဲ့တင်ပြကြပြီးတက်ရောက်လာသူတွေစဉ်းစားဆုံးဖြတ်နိုင်အောင်ရှင်းလင်းဆွေးနွေးပြကြရလိမ့်မယ်။ဒါကြောင့် အစည်းအဝေးကြီးက၂ရက်လောက်ကြာအောင် ကျင်းပရလိမ့်မယ်။ တစ်ရက်တည်းနဲ့ပြီးမှာမဟုတ်ဘူး။             ပိုပြီးဆိုးတာက၀င်သင့်တယ်ဆိုတဲ့သူတွေရဲ့သဘောထားကိုအစည်းအဝေးမှာရှင်းလင်းဆွေးနွေးခွင့်မပြုနိုင်တာဟာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ကြိုးစားနေပါတယ်ဆိုတဲ့ကျနော်တို့ပါတီကအစည်းအဝေးကြီးမှာဒီမိုကရေစီကျင့်ထုံးတွေကို မကျင့်သုံးနိုင်ခဲ့ တာဟာရာဇ၀င်ရိုင်းလှပါတယ်လို့ပြောချင်ပါတယ်။ ဒီမိုကရေစီဆိုတာဟာမတူတဲ့ သဘောထားတွေကိုထုတ်ဖော်တင်ပြခွင့်ရှိရပါမယ်။သဘောထားမတူတာကိုရန်သူလို့သတ်မှတ်တဲ့ကွန်မြူနစ်စနစ်မှမဟုတ်တာ။ပါတီရဲ့သေရေးရှင်ရေးအစည်းအဝေးကြီးမှာဒီအခွင့်အရေးကြီးကို အသုံးပြုခွင့် မပေးခဲ့သလိုပါပဲ။ အပြန်အလှန်ညှိနိုင်းဆွေးနွေးကြရမယ့်အစားရှေ့ကဒေါ်အောင်ဆန်းစုကြည်ရဲ့မှာကြားချက်ကိုပဲ ထောက်ခံ ဆွေးနွေးကြတာ။ဒီသဘောတရားနဲ့တစ်ထပ်တည်းပါပဲဆိုပြီးဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေကြတာဟာပါတီခေါင်း ဆောင်ကြီးရဲ့မိန့်မှာချက်ကိုမျက်စိမှိတ်နာခံလိုက်ကြတာပါပဲလို့ပြောချင်ပါတယ်။
          ဥက္ကဌဦးအောင်ရွှေကိုယ်တိုင်ကဒေါ်စုစကားကိုလိုက်နာနားထောင်ကြပါဆိုတော့ဘာများတတ်နိုင်ကြမှာလဲ။ခေါင်းဆောင်စကားကိုပဲနားထောင်၊ဘာထင်မြင်ချက်၊ဝေဖန်ချက်မှမပေးကြနဲ့။ထောက်ခံဆွေးနွေးတင်ပြကြပြီး
ဖြစ်ပေါ်လာတဲ့ဆုံးဖြတ်ချက်ကလည်းဒေါ်စုရဲ့သဘောထားကိုပဲထင်ဟပ်နေတာကဘာမှမဆန်းတော့ပါဘူး။ကျနော်တို့ဟာကိုယ်ကြိုက်တာကိုကြိုက်တဲ့အကြောင်းပြောခွင့်ရှီသလို၊မကြိုက်ရင်လည်းမကြိုက်တဲ့အကြောင်းအထောက်အထားနဲ့ဝေဖန်တင်ပြနိုင်ခွင့်ရှိရပါမယ်။ ဒီလိုအခွင့်အရေးမျိုးတွေရဖို့အတွက်ကျနော်တို့ ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
             ပါတီသမိုင်းမှာအလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်လို့လျှိှု့ဝှက်မဲနဲ့မဲခွဲ့ဆုံးဖြတ်သင့်ပါတယ်။ထောက်ခံမဲဘယ်လောက်၊ကန့်ကွက်မဲဘယ်လောက်၊ကြားနေမဲဘယ်လောက်ဆိုပြီးမဲနဲ့ဆုံးဖြတ်အတည်ပြုလိုက်တာကဒီမိုကရေစီပိုဆန်ပါတယ်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ပါတီကြီးက တကယ့်အရေးင်္ကြီးတဲ့ ကိစ္စတစ်ရပ်ကို ဒီမိုကရေစီသဘောတရားများနဲ့အညီ  ဘာကြောင့်များမလုပ်ဆောင် နိုင်ရတာလဲ။ လျွှိုဝှက်မဲဆိုတာက ကိုယ်ရဲ့ကိုယ်ပိုင်ရပ်တည်ချက်ကို ဘယ်သူမှမသိအောင်လုပ်ဆောင်တာမို့  ဒါမျိုးကို မကျင့်သုံးနိုင်ခဲ့တဲ့ ပါတီရဲ့အရေးအကြီးဆုံးအစည်းအဝေးက မဆလပါတီအစည်းအဝေး၊ ကွန်မြူနစ်ပါတ်ီတွေရဲ့ အစည်းအဝေးတွေနဲ့ဘာများ ကွာခြားသွားလို့လဲ။ ဦးအောင်ကြိးကိစ္စတုန်းကတောင်မဲနဲ့ဆုံးဖြတ်ခဲ့နိုင်ပါသေးတယ်။
            ကျနော်တို့ခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာကလည်းပါတီအတွင်းသက်ရောက်မှု အလွန်ကြီးမားတာကြောင့် သူနဲ့ဆန့်ကျင်ပြီးဘယ်သူမှမပြောရဲတာ၊ထောက်ပြဝေဖန်ခြင်းမပြုရဲကြတာဟာ မှန်နေတဲ့လုပ်ရပ်တွေအတွက် ဘာမှပြဿနာမဟုတ်ပေမယ့် မှားနိုင်တဲ့ကိစ္စတွေမှာကတော့ တကယ့်ပြဿနာ ကြီး ပါပဲ။ပါတီကိုမှတ်ပုံမတင်ရဘူးဆိုလို့မတင်တော့ဘူး။ ပါတီဗဟိုမှာလည်းဒီအတွက် ဘာမှစဉ်းစားထားတာ မရှိဘူး။ဘာဆက်လုပ်မလဲဆိုတဲ့အစီအစဉ်မရှိဘူး။ဗဟိုဦးစီးတွေကလဲဘာအကြံမှမပေးတတ်ဘူး။ပါတီရှေ့ဆက်ပြီးဘာလုပ်မှာလဲဆိုတာကိုလည်းဒေါ်စုကိုယ်တိုင်အတွင်းကနေမပြောနိုင်ဘူး။     ဒီမိုကရေစီအရေးဆက်လုပ်မယ် ဆိုတာလောက်၊ ပါတီကအစိုးရဖျက်ပေမယ့် မပျက်ပါဘူးဆိုတာလောက်ပဲပြောနိုင်တယ်။ ပါတီခေါင်းဆောင်တွေ ကလဲနိုင်ငံရေးမလုပ်ရရင်လူမှုရေးလုပ်ငန်းတွေလုပ်မယ်။ပြည်သူကြားထဲမှာ နေပြီးလုပ်မယ်ဆိုတာလောက်ပဲ ပြောနေရတယ်။
           ပါတီကတော့တရားဝင်ပါတီကနေစုတေသွားရတော့မယ်။ကျနော်တို့မြင်တာကတော့ပါတီတရားဝင်ရှိနေမှသာ တရားဝင်နိုင်ငံရေး၊ဥပဒေဘောင်ထဲကနိုင်ငံရေးကိုလုပ်လို့ရမယ်။ဒီမိုကရေစီသဘောတရားတွေကို ဟောပြောဆွေးနွေးလို့၊ရှင်းပြလို့ရမယ်။ပြည်သူတွေရဲ့အကြပ်အတည်းတွေကိုဖော်ထုတ်တင်ပြလို့ရမယ်။ကျနော်တို့အားကောင်းရင်ကောင်းသလိုပြည်သူတွေအတွက် လုပ်ပေးနိုင်တာ တွေများပါတယ်။
ဒါတွေကတော့ အဲ့ဒီအချိန်က ကျွန်တော့်ရဲ တင်ပြချက်တွေပါ။ ဒီစာကို သူတို့ဖတ်ရ မဖတ်ရတော့ မသိဘူး။ရေးသင့်ရေးထိုက်တာတွေ ရေးလိုက်ပါတယ်။ နောက်မှကြားရတာက အဲ့ဒီအစည်းအဝေးမှ ကချင်က ကိုယ်စားလှယ်တစ်ဦးနဲ့ တနင်္သာရီတိုင်းက ဦးတိုးပိုတို့ပဲ မှတ်ပုံတင်သင့်တယ်လို့ ဆွေးနွေးခဲ့တယ်ဆိုတာ သိရ ပါ တယ်။

ကဲ။ လာပါပြီဗျာ။  အဲ့ဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲသပိတ်မှောက်ရေးလား၊ ပါတီမှတ်ပုံမတင်ရေးလားဆိုတာ။
 NLD ပြန်ကြား ရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “ဗဟို ဦးစီး အဖွဲ့ဝင်များရဲ့ ဆွေးနွေး ချက်များအရ နအဖက ထုတ်ပြန် ထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် လုံးဝ မျှတမှု မရှိတော့ပါသဖြင့် NLD ကို ထပ်မံ မှတ်ပုံတင် တော့မည် မဟုတ်ကြောင်း အများ သဘောတူ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သည် ဟု ပြောသည်။ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖမ်းဆီး ထားသော အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် ကိုလည်း ချမှတ် လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒါတောင် ပထမဆုံးစာကြမ်းက တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်သည်လို့ ရေးထားတာကို ဒေါက်တာ သန်းငြိမ်းတို့က ကျုပ်တို့က သဘောတူတာမဟုတ်ဘူး၊ ကျုပ်တို့သဘောထားက ပြပြီးသား။ အားလုံးဆုံးဖြတ်ချက် ကို ကျုပ်တို့က မကန့်ကွက်ဘူး။ ဒါကြောင့် ကန့်ကွက်သူမရှိ ဆုံးဖြတ်တာလို့ ပြင်ခိုင်းလို့ ပြင်ပြီး ထွက်လာတယ်။

ဒီနောက်ပိုင်း ဇာတ်လမ်းတွေက ရှင်းပါတယ်။ ပါတီတရားဝင်ပျက်ပျယ်သွားတဲ့အခါ ဘာလုပ်မလဲ မေးတော လူမူရေးလုပ်မယ်၊ အမှိုက်ကောက်မယ်ဆိုတာတွေ ဖြေကြတယ်။ လူမူရေးလုပ်မယ့်သူတွေနဲ့ နိုင်ငံရေးလုပ်မယ့်သူတွေ အကြားမှာ ဘယ်သူကပဲဖြစ်ဖြစ် ပါတီရဲ့ ခွပ်ဒေါင်းအလံနဲ့တံဆိပ်ကို မသုံးကြကြေးဆိုပြီး  နှစ်ဖက်အကြား သဘောတူညီထားခဲ့ကြတယ်။ ဒါကြောင့် NDF ဖြစ်လာမယ့်သူ့တွေက ခွပ်ဒေါင်းကို မသုံးဘဲ အခြားတံဆိပ်ကို ရွေးခဲ့ကြတယ်။

NLD တရားဝင်ပါတီအဖြစ် ပျက်တယ်၊ မပျက်ဘူးဆိုတာက အခုစကားများနေကြပေမယ့် အဲ့ဒီအချိန်က ပါတီခေါင်းဆောင်တွေအားလုံးဟာ မေလ(၆) ရက်နေ့ပြီးတာနဲ့ ပါတီက မရှိတော့ဘူးဆိုတာ အားလုံးနားလည် သဘောပေါက်ထားပြီးဖြစ်သလို ပါတီဖျက်သိမ်းရေးကော်မတီကို ဧပြီပထမပတ်မှာပဲ ဖွဲ့စည်းပြီး ပါတီစာရင်းအင်း တွေ၊ စာရွက်စာတမ်းတွေရှင်းလင်းဖျက်သိမ်းခဲ့တယ်။ အဲ့ဒီကော်မတီထဲကို NDF ပါတီခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေက သူတို့ကို မထည့်ဖို့ ပြောကြတယ်။ သူတို့စကားကလည်း ရှင်းတယ်။
 ကျုပ်တို့က ပါတီကို ဆက်လက်ရှင်သန်ပြိး ရှိစေချင်တဲ့သူတွေ။ ပါတီကိုဖျက်ချင်တဲ့သူတွေမဟုတ်ဘူး။ ဒါကြောင့် ပါတီဖျက်တဲ့အဖွဲ့ထဲမှာ ကျုပ်တို့နာမည်တွေ အပါမခံနိုင်ဘူး။ ဒါကြောင့်ကျူပ်တို့နာမည်တွေ ကို ဒီအဖွဲ့ထဲ မထည့်ပါနဲ့လို့ ပြောခဲ့ကြတယ်။
ဒါပေမယ့် အချို့စာရင်းအင်းတွေကို အများကြီးကိုင်ထားရတဲ့ ဒေါက်တာ ၀င်းနိုင်ကိုတော့ စာရင်းတွေရှင်းဖို့ ဒီအဖွဲ့ထဲကိုပါပေးပါဆိုလို့ ပါသွားတယ်။ စာရင်းတွေ၊စာရွက်စာတမ်းတွေ ဘယ်လိုရှင်းရသလဲ ဆိုတာကိုတော့ အဲ့ဒီအချိန်က ရုံးစောင့်လုပ်တဲ့ ဦးကျော်မြင့်ကိုပဲ မေးကြည့်ပေတော့။ တစ်ပတ်လောက် စာရွက်စာတမ်းတွေမီးရှို့၊ ပီနံအိတ်တွေနဲ့ထည့်ပြီး သွားပစ်ရတယ်။ဒါ့ပြင် ရုံးကပစ္စည်းတွေကို လည်း ပိုင်ရှင်တွေထံပြန်ပို့သင့်တာပို့၊ ပေးသင့်တာပေးလုပ်ရတယ်။ ဒါကတော့ NLD ပါတီဟာ ဥပဒေကြောင်းအရ ဘယ်လိုပဲပြောပြော တရားဝင်အဖြစ်ကနေ ရပ်စဲသွားပြီဆိုတာ  အဲ့ဒီအချိန်က ပါတီခေါင်းဆောင်တွေ အားလုံး  လက်ခံထားကြတယ်ဆိုတာပါပဲ။ 

နောက် အရေးကြီးတဲ့ ဘယ်သူမှမသိကြတဲ့ စီအီးစီထဲက အတွင်းရေးတစ်ခု။  ပါတီမှတ်ပုံထပ်မတင်လို့ ပါတီက သတ်မှတ်ထားတဲ့ရက်ပြီးရင် တရားဝင်ပါတီအဖြစ်ကနေ ရပ်စဲသွားတော့မယ်ဆိုတဲ့နောက်ပိုင်း ဘာဆက်လုပ်ကြမလဲလို့ စီအီးစီထဲမှာ စဉ်းစားနေချိန်မှာ စာတမ်းတစ်စောင် စီအီးစီအစည်းအဝေးမှာ စီအီးစီတွေ ဆီ ဝေလာတယ်။ အဲ့ဒီစာတမ်းက  ပါတီဖျက်သိမ်းခံရပြီးနောက်ပိုင်းမှာ ကွန်ယက်တွေအဖြစ် ပြန်လည်ဖွဲ့စည်းပြီး ဆက်သွယ်လုပ်ဆောင်ကြဖို့ အစီအစဉ်ပါတဲ့ စာတမ်း။ အောက်မှာ လက်မှတ်မထိုးပဲ ဝေထားတဲ့စာတမ်းဖြစ်လို့ ဒေါက်တာသန်းငြိမ်းက ဘယ်သူတင်တာလဲ၊ ဘယ်သူလုပ်ခိုင်းတာလဲလို့မေးတော့ ဦးအုန်းကြိုင်က သူဝေထား တာပါလို့ပြောပြီး စီအီးစီအစည်းအဝေးမှာ ဆွေးနွေးဖို့ စည်းကမ်းချက်နဲ့မညီလို့ ပြန်သိမ်းယူသွားတယ်။  ဒါဟာ ပါတီပျက်ပြီးနောက်ပိုင်း ပါတီဝင်တွေ ဒုက္ခတွေ့လာနိုင်တဲ့ကိစ္စဖြစ်လို့ NDF ပါတီကို အမြန်ဆုံးထူထောင်ရတဲ့ အချက်တွေထဲက တစ်ချက် ဖြစ်ပါတယ်။ ယူဂျီ-အိုဂျီကိစ္စတွေဟာ ပါတီဝင်ဟောင်းတွေအတွက် အန္တရာယ်ကြီး ဖြစ်လို့ အကာအကွယ်ပေးနိုင်ဖို့ NDF ကို အမြန်ဆုံးထူထောင်ကြခြင်းလည်း ဖြစ်ပါတယ်။
NDF ပါတီခေါင်းဆောင်တွေဟာ ပါတီသက်တမ်းကုန်တဲ့ မေလ(၆)ရက်နေ့ညနေ ရုံးပိတ်တဲ့အချိန်ထိ NLD ရုံးမှာနေခဲ့ကြတယ်။ ပါတီတရားဝင်ပျက်ပျယ်ပြီးတဲ့နောက် မေလကုန်မှသာ ပါတီတစ်ခုကို ထူထောင်ဖို့ လုံးပမ်းကြတာပါ။ ခွဲထောင်တာလည်းမဟုတ်သလို ခွဲထွက်တာလည်းမဟုတ်။ ပဲ့စင်တာလည်း မဟုတ်။ ပဲ့ထွက် တာလည်း မဟုတ်။ အထူးသဖြင့် ယူဂျီအိုဂျီရောဂါကူးချင်နေတဲ့အချိန်နဲ့ ဘာလုပ်ရ၊ဘာကိုင်ရမှန်းမသိကြတဲ့ ပါတီဝင်ဟောင်းတွေအတွက်၊ ပြီးတော့ အကျယ်ချုပ်ကထွက်လာရင် နိုင်ငံရေးမှာ ခြေချနိုင်ဖို့အတွက် ပါတီတစ်ခု ရှိထားဖို့လိုတယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့  NDFပါတီကို ထူထောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။  ယုံတာ-မယုံတာက တကဏ္ဍ။ အဲ့ဒီတုန်းက ဒီလိုရည်ရွယ်ချက်တွေလည်း ရှိခဲ့ပါတယ်။  ဒါကြောင့် NDF ပါတီဟာ ဇူလိုင်(၉)ရက် ၊ ၂၀၁၀မှ ပါတီမှတ်ပုံတင်အမှတ် (၃၈)နဲ့ တရားဝင်ပါတီ ဖြစ်လာခဲ့တာပါ။
 
ဒေါက်တာသန်းငြိမ်းရဲ့ အမှန်ပြောကြေး(၁)ဆောင်းပါးက ကောက်နုတ်ချက်မှာ-
ဦးဝင်းတင်က “  ဒီလူတွေဟာ၊ ကိုခင်မောင်ဆွေတို့ ဘာတို့ဟာ၊ ပါတီမှာ သူတို့ မတ်လ (၂၉) ရက်မှာ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဖို့ဆုံးဖြတ်တော့၊ သူတို့က သဘောမတူဘူး။ ဒါပေမဲ့ သူတို့က ဘာမှမပြောဘူး၊ ဘာမှ ထူးထူးခြားခြားမပြောဘူး။ သူတို့ဘာမှ ကန့်ကွက်တာမရှိဘူး။ သူတို့က ပါတီမှာ ဆက်နေတယ်၊ မတ်လ ၂၉ရက် ကနေပြီးတော့၊ မေလ (၆)ရက်နေ့အထိနေတယ်။ (၆)ရက်နေ့ကျမှ ပါတီပျက်ပြယ်တယ်ဆိုတဲ့ သတ်မှတ်ချက်က အတည်ဖြစ်တော့မှ ပါတီခွဲထောင်တာလေ။ ပါတီတရားဝင်ဖြစ်တဲ့အချိန်မှာ သူတို့က အပြင်ထွက်ပြီးတော့ ပါတီခွဲတယ်ဆိုရင် ပါတီကိုဖျက်လိုဖျက်ဆီးလုပ်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမဲ့ သူတို့ဟာ ပါတီရဲ့ လုပ်ငန်းတွေကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ဟာတွေ မလုပ်ခဲ့ဘူး၊ လုပ်ခဲ့မှပဲ အန်တီပါတီ (Anti-party ၊ ပါတီဆန့်ကျင်ရေးသမား) လို့ စဉ်းစားရမယ်’ လို့ သူ့ရဲ့သဘောထားကို ရှင်းပြတယ်။
        အမှန်တွေလို့ပဲ ပြောလို့ရပါတယ်။ နည်းနည်းလွဲတာက မတ်လ(၂၉)ရက် ဗဟိုဦးစီးအစည်း အဝေးမှာ စဉ်းစားဆုံးဖြတ်တာဟာ၊ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးမဟုတ်ပဲ၊ NLD ပါတီကိုဆက်ပြီး တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရေး မတင်ရေး ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ဆက်စပ်သွားတာက နောက်ပိုင်း ကျမှပါ။ နောက်တစ်ချက်က ရှင်းအောင်ပြောရရင် မေလ(၆)ရက်နေ့ဟာ NLD ပါတီရဲ့တရားဝင်ရပ်တည်မှု နောက်ဆုံးရက်ဖြစ်တော့၊ ဒီရက်နောက်ပိုင်း၊ NLD ပါတီ တရားဝင်မရှိတော့တဲ့နောက်ပိုင်းမှာ ပါတီထောင်တာဟာ ပါတီခွဲထောင်တာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ ဒါကိုလည်း ဆရာဦးဝင်းတင်က တရားဝင်ပါတီဖြစ်နေတုံး၊ ခွဲထောင်တာမဟုတ်ဘူးလို့ ပြောထားပါတယ်။

NLD အနေနဲ့ရွေးကောက်ပွဲသပိတ်မှောက်ကြောင်း ကြေညာတာကလည်းဒီရက်တွေမှပါ။
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ဒီမိုကရေစီရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့ အတွက် ဒီရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင် သပိတ်မှောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အောက်တိုဘာ ၂၆ ရက်နေ့ ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ကြေညာချက်မှာ ပြည်သူတွေရဲ့ မဲပေးခွင့်နဲ့ ပတ်သက်ပြီး ပါဝင်တဲ့အချက်တွေကို RFA ကို ပြောပါတယ်။
မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ရွေးကောက်ပွဲတွင် မဲပေးခြင်း မပြုပဲ နေနိုင်သော အခွင့်အရေး ရှိပါသည်။ ထို့ပြင် တဦးဦးက အတင်းအဓမ္မ မဲပေးခိုင်းပါက သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားနိုင်ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားတွေအနေနဲ့ မဲပေးဖို့ အခွင့်အရေး ရှိသလို ဆန္ဒမရှိရင် မဲမပေးပါကလည်း ဥပဒေအရ အခွင့်အရေးပဲ ဟူ၍လည်းကောင်း၊ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည် ဟူ၍လည်းကောင်း၊ NLD မပါလို့ ဘယ်သူ့ကို မဲပေးရမလဲဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟူ၍လည်းကောင်း၊ ၎င်း၏ သဘောထားများကို ထုတ်ဖော်ထားပြီး ဖြစ်ပါကြောင်း အများပြည်သူ သိစေရန် ကြေညာလိုက်သည်။
စစ်အစိုးရရဲ့ ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်တမ်းရှည်စေမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေး မပါဝင်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာချက်မှာ ရှင်းပြထားပါတယ်။
ဒါတွေက သမိုင်းကြောင်းကို ရှင်းပြခြင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိစေချင်လို့ပါ။  ပါတီမှတ်ပုံမတင်တာနဲ့ ရွေးကောက်ပွဲသပိတ်မှောက်တာက ဘာမှမဆိုင်ဘူး၊တစ်ခြားစီဆိုတာ သိစေချင်လို့ပါ။
လာပါပြီ။ ကျွန်တော်ရဲ့ အဓိကမေးခွန်းတွေ။
၁။      ဦးဥာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်နေကုန်တွေ့တုန်းက သူတို့နှစ်ယောက် ဘာတွေ ဆွေးနွေးကြသလဲ။ ဦးဥာဏ်ဝင်းပြောသလို ဒေါ်စုချည်းကပဲ ပြောနေတာကတော့ မဖြစ်နိုင်။ ဦးဥာဏ်ဝင်းဆိုတာက လည်း မှတ်ပုံတင်ရေးကို ဆန့်ကျင်တဲ့ ဦးဝင်းတင်ဂိုဏ်းသား။
၂။      စီအီးစီကိုတောင် မတင်ပြဘဲ ဘာကြောင့် ဦးဥာဏ်ဝင်းက နိုင်ငံခြားက အသံလွှင့်မီဒီယာတွေနဲ့ တွေ့ပြီး တန်းပြောလိုက်တာလဲ။ ဒေါ်အောင်ဆန်းစုကြည်က ခိုင်းလိုက်လို့လား။ သူတို့နှစ်ယောက်ဆွေးနွေးကြတဲ့ အခါ မှတ်ပုံတင်ရေးအဖွဲ့တွေ အားကောင်းနေလို့ ဦးဝင်းတင်တောင် နိုင်ငံရေးက အနားယူမယ်လို့ပြောနေတာ ကြောင့် ဒီအားသာချက်ကို မရရအောင် ဖျက်ဖို့ လုပ်လိုက်တာလား။
၃။      စီအီးစီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဒေါ်စု နှစ်ယောက်တည်းတွေ့ပြီးဆုံး ဖြတ်ဖို့ဆိုတာကို ဦးဥာဏ်ဝင်းက တကယ်မပြောခဲ့တာလား။ ရေဒီယိုနားထောင်တဲ့ဒေါ်စုကတော့ ဒီသတင်းကြားရ မှာပါ။
၎။      ၂၃ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်း ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးဥာဏ်ဝင်းနဲ့ ဦးအုန်းကြိုင်တို့ရဲ့ တိုင်းနဲ့ပြည်နယ်က ဗဟိုဦးစီးတွေကို ဘယ်လိုတွေ့ဆုံမှာကြားကြသလဲ။ သူတို့ရဲ့ ဒီအချိန်အတွင်းလုပ်ဆောင်ချက် တွေက ပျောက်နေတဲ့ကွင်းဆက်တစ်ခုပါ။ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြသလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားတွေက ဘာတွေလဲ။ ဟိုဖတ်သွားတဲ့ ခြောက်ချက်ထက်မကတော့ ရှိပါလိမ့်မယ်။
၅။      ဗဟိုဦးစီးအစည်းအဝေးကိုတောင် နဂိုအစီအစဉ်ကနေ ပြောင်းသွားအောင် ဗဟိုအလုပ်အမှု ဆောင်ကော်မတီကိုတောင် အသိမပေးဘဲ လုပ်ခဲ့တာက ဘာကြောင့်လဲ။ ဘာကြောင့် အစီအစဉ်ပြောင်းသွားတာ ကို မတင်ပြတာလဲ။အသိမပေးတာလဲ။
၆။      ပါတီခေါင်းဆောင်တစ်ယောက်ဟာ ပထမ စီအီးစီဆုံးဖြတ်တာကို လက်ခံပါ့မယ်ဆိုပြီးမှ ဗဟိုဦးစီးအစည်းအဝေးမစတင်ခင်မှ ကျွန်မက မှတ်ပုံတင်တာကို လက်မခံနိုင်ဘူးလို့ အားလုံးအပေါ် လွှမ်းမိုးမှုရှိအောင် ပြောသွားခဲ့တာဟာ ခေါင်းဆောင်ပီသပါရဲ့လား။  ၂၀၁၁ခု မှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ခေါင်းဆောင်က နောက်ဆုံးမှ သူအမြင်ပြောသင့်တယ်၊ ကြိုပြောရင် အားလုံးကိုလွှမ်းမိုးသလို ဖြစ်မယ်ဆိုပြီး ပြောခဲ့တာကို ကြည့်ပြီး အရင်က  သူမ မှားခဲ့တယ်ဆိုတာကို ပြောနိုင်ပါသလား။ ( ပထမတစ်ကြိမ်မှာ ဒီလူတွေကပဲ ပါတီကိုမှတ်ပုံမတင်သင့်ဘူး ဆုံးဖြတ်ခဲ့တယ်။ နောက်တစ်နှစ်အကြာမှာလည်း ဒီလူတွေကပဲ ပါတီမှတ်ပုံတင်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။)
၇။      ရွေးကောက်ပွဲကို  ပါတီအနေဖြင့် သပိတ်မှောက်တာက ကန့်ကွက်စရာမရှိပါ။ သို့သော် NO VOTE ကန်ပိန်းကို တစ်နိုင်ငံလုံး တက်တက်ကြွကြွလုပ်ကာ ဒီမိုကရက်တစ်တွေ မဲအရနည်းအောင်၊ သို့မဟုတ် ကြံ့ခိုင်ရေးကို မဲအသာရစေအောင် လုပ်ဆောင်ခဲ့တာက ဘယ်လိုရည်ရွှယ်ချက်မျိုး ပါလဲ။ ( အထူးသဖြင့် ခမောက်သူခိုး၊ ခမောက်အတု၊NLD အတု ဆိုတာမျိုးတွေ မိုးမွှန်နေအောင် ပြောဆိုရင်း ဒီမိုကရက်တစ်အင်အားစု တွေ   မဲတွေ အရနည်းအောင် လုပ်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်)
နံပါတ်(၇) အဖြေကတော့ နောက်ပိုင်းသိရသလောက် တော်တော်ဆိုးတာပဲ။ ငါတို့လုပ်မှသာ ဒီမိုကရေစီ ဆိုတာမျိုး ဖြစ်နေပြီ။
၈။      NDF  အနေနဲ့ ခမောက်တံဆိပ်ကို ဒီမိုကရက်တစ်အင်အားစုတစ်ခုအနေဖြင့် ကြံခိုင်ရေးကိုယှဉ် ပြိုင်ဖို့  ၂၀၁၀ရွေးကောက်ပွဲမှာ အသုံးပြုခဲခြင်းကို ဘာကြောင့်များ အမုန်းတရားပွားများနေကြရပါသလဲ။ ဒီမိုကရက်တစ်ပါတီဆိုတာကို တောင် လက်မခံနိုင်ကြဘူးလား။ မြန်မာပြည်မှာ ဒီမိုကရက်တစ်ပါတီဆိုတာ တစ်ခုတည်းများ ရှိနေတာလား။
မိုးကုတ်ကိုတိုး( ၂၇-၆-၂၀၁၄)
                                                                                                                            
                     
#to be happy#

$$ kotoetoe $$
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment